မျှော်မှန်းတိုင်း ဖြစ်မလာသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလဒ်

------ ------ ------ ----- -----
မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းတစုံ၊ ပြည်ပတစုံ စစ်မေးလေ့ရှိခဲ့သည့် အစဉ်အလာသည် ၁၉၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြည်တွင်းပြည်ပ မေးခွန်း ၁၁ စုံ စစ်မေးခဲ့ပြန်သည်။ မေးခွန်းထုတ်သူ စာစစ်မှူးချုပ်များ မတူ၍ မေးခွန်း၏ အတိမ်အနက်လည်း မတူညီချေ။ ထို့ကြောင့် စာဖြေသူ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းသားကျောင်းသူ များအတွက် အလွယ်/အခက် မတူညီ၍ တိုင်းနှင့်ပြည်နယ်အသီးသီး၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းသည်လည်း မတူညီကြကြောင်းကို သတိပြုမိသည်။ ၂၀၁၅ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိကျတော့ ပြည်တွင်းတစုံ၊ ပြည်ပတစုံ စစ်မေးသည့်အစဉ်အလာကို ကျင့်သုံးခဲ့ပြန်သည်။
မေလ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ပညာရေးနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ လွှတ်တော်ကိုယ်စားလှယ် တဦးက မြန်မာ့ပညာရေးကို ''လှုပ်မြင်းရုပ် ကုလားထိုင်လို ပညာရေး''ဟု ဝေဖန်ပြောကြားသွား ခဲ့ပါသည်။ အခြား လွှတ်တော်ကိုယ်စားလှယ်တဦးကလည်း အထက်တန်းသင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းစာများကို မြန်မာလိုသင်လိုက်၊ အင်္ဂလိပ်လိုပြောင်းလိုက်၊ အင်္ဂလိပ်လိုကနေ မြန်မာလို ပြန်ပြောင်းလိုက်ဖြင့် အစမ်းသပ်ခံပညာရေးဖြစ်ခဲ့ရသည်ကို ထောက်ပြသွားခဲ့သည်။ တိုင်းရင်းသားကိုယ်စားလှယ်တဦးကလည်း သူတို့တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားဘာသာစကားဖြင့်မသင်ဘဲ မြန်မာဘာသာဖြင့် သင်ကြားသည့်အတွက် ပတ်ဝန်းကျင်နှင့် အံ့ဝင်ခွင်ကျမဖြစ်ပုံ 'ဗမာနိုက်ဇေးရှင်း' ပြုလုပ်လိုပုံ ပေါ်လွင်နေပြီး တိုင်းရင်းသားများအတွက် ဗမာစာသည် နိုင်ငံ ခြားဘာသာစကားလို ဖြစ်နေရပုံကိုလည်း ခံစားပြောဆို သွားပါသည်။
နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ထိုနိုင်ငံ၏ ပညာရေးအဆင့်အတန်းပေါ် များစွာမူတည်ပါသည်။ သက်ဆိုင်ရာ အစိုးရများ၏ (၁) ပညာရေးစနစ်အပေါ် စီမံခန့်ခွဲမှုစနစ်အားကောင်းခြင်း၊ (၂) နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေးအများစုကို ပညာရေးကဏ္ဍတွင် ထိထိရောက်ရောက် သုံးစွဲခြင်း၊ (၃) ပညာ ရေးတွင် လာဘ်ပေးလာဘ်ယူမှုများကင်းစင်ခြင်း စသည်တို့သည် ပညာရေးအဆင့်အတန်း 'စံ' သတ်မှတ်ချက် များ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ရလဒ်များသည် ဖြေဆိုသူ ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သူ မိဘများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး ဖြစ်သည်ကို စာသင်ကြားနေသူ ဆရာတဦးအနေဖြင့် စာရေးသူသတိပြုမိပါသည်။ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည်လည်း မြို့နယ်တခုတွင်းရှိ ကျောင်းတကျောင်းနှင့်တကျောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတခုနှင့်တခု မတူညီကြသည်ကိုလည်း တွေ့ရပြန်သည်။ ထို့အပြင် တနှစ်ထက်တနှစ် အောင် ချက်ရာခိုင်နှုန်းများသည်လည်း ကွဲပြားခြားနားကြပြန်သည်။ ဥပမာပြရလျှင် ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ် ၀င်တန်းဖြေဆိုသူ ၅၉၇၉၄၆ ယောက်ရှိခဲ့သော်လည်း အောင်မြင်သူပေါင်းမှာ ၂၂၄၈၄၇ ယောက်သာရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၇ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်းမှာ ၆၃၆၂၃၇ ဦးရှိခဲ့သော်လည်း အမှန်တကယ် အောင်မြင်သူပေါင်းမှာ ၁၉၀၃၈၈ ဦးသာရှိခဲ့သောကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့သည်ကိုကြည့်လျှင် အောင်ချက်ရာခိုင်နှုန်းများ ကွာဟ နေသည်ကို တွေ့ရပြန်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများကို လေ့လာကြည့်လျှင် ၂၀၁၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းသည် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်ပြီး နံပါတ် ၁ နေရာတွင် ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းရလဒ်ကို လေ့လာကြည့်လျှင် မွန်ပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း ၃၉ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်း သည် ၃၃ ဒသမ ၂၁ ရာခိုင်နှုန်းသာရှိခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးလည်း ခက်၊ သင်ထောက်ကူများလည်းခက်ဖြစ်သည့် ချင်းပြည်နယ် သည် ၂၀၁၅ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ၁၇ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၆ ခုတွင် ၁၄ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်၍ အောင်ချက်အနိမ့်ဆုံးပြည်နယ် စာရင်းဝင်နေသည်ကို တွေ့ရသည်။
ဝါရင့်၊ အတွေ့အကြုံရင့် ဆရာအများဆုံး၊ ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများ အများဆုံး ၊ ပုဂ္ဂလိက အထက်တန်းကျောင်းများ အများဆုံး၊ ကြိတ်ဝိုင်းရှယ်ဝိုင်းများ အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးသည် အောင်ချက်ရာခိုင်နှုန်း အဆင့် ၁ နေရာတွင် မရှိသော်လည်း တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင်များ၊ Top One to Ten များ ပေါ်ထွန်းရာ ဘူမိနက်သန်နေရာဖြစ်နေသည်ကို စာရေး သူ သတိပြုမိသည်။
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မတ် ၈ ရက်နေ့မှ မတ် ၁၇ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးခဲ့ရာ စာစစ်ဌာန ၈၁၂ ခုနှင့် နိုင်ငံခြားစာစစ်ဌာန သုံးခု၌ စစ်ဆေးခဲ့ပြီး ဖြေဆို သူပေါင်း ၇၁၆၂၁၆ ဦးရှိခဲ့သည်။
မေလ ၂၆ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီသို့ ပေးပို့သော ခေတ္တ ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်ဝင်း လက်မှတ်ရေးထိုးထုတ်ပြန်သောစာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ၁၇-၆-၂၀၁၇ ရက်နေ့ (စနေ)နေ့၌ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ အောင်စာရင်းထုတ်ပြန်မည့် နံနက် ၆ နာရီတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သည့် (www.myanmar.org) တွင် ၀င်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေး အကြောင်းကြားထားပေသည်။
အမှန်တကယ်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းရလဒ်များသည် စာဖြေသူများ၏ ကံ၊ ဥာဏ်၊ ၀ီရိယတဦးချင်း၏ မှတ်တမ်းများကို ထုတ်ပြန်ကြေညာပေးခြင်းသာ ဖြစ်ပေသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လျှင် ကာယကံရှင် ကျောင်းသားကျောင်းသူများ ပျော်ကြသည်။ သက်ဆိုင်ရာ မိဘများလည်း ၀မ်းသာပီတိဖြစ်ကြသည်။ မိမိမျှော်မှန်းထားသည့် ဂုဏ်ထူးများ၊ အမှတ် များရရှိပါက အတိုင်းမသိဝမ်းသာပီတိဖြစ်ကြရသည်။ အနာဂတ်ပညာရေးခရီးကို ဆက်လက်ချီတက်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရတော့မည် ဖြစ်သည်။
ဝီရိယအားနည်းခြင်း၊ စာကြည့်ပုံနည်းစနစ်မှားယွင်းခြင်း၊ စာမေးပွဲကံမကောင်း၍ စာမေးပွဲကျရှုံးသူများကို စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ လောကတွင် ''မမှားသောရှေ့နေ၊ မသေသော ဆေးသမားဟူ၍မရှိ'' မိမိ၏လေ့လာအားထုတ်မှုများနှင့်ပတ်သက်၍ အားနည်းချက်များကိုရှာဖွေမည်။ သင်ခန်းစာယူမည်။ ပြန်လည်စနစ်တကျ ပုံမှန်ကြိုးစားမည်ဆိုပါက နောင်နှစ်တွင် ကျင်းပမည့် စာမေးပွဲများတွင် အောင်မြင်မှု သရဖူကို ဆောင်းနိုင်ခွင့် အခွင့်အလမ်းများရှိပါသည်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါမည်။
စာရေးသူတို့ ငယ်စဉ်ကျောင်းသားဘ၀က ပြောလေ့ရှိခဲ့သောစကားတခွန်းမှာ ''၁၀ တန်းစာမေးပွဲ အောင်သည့်နေ့၊ ဘ၀မှာ အပျော်ဆုံးနေ့''ဟူ၍ ဖြစ်သည်။ သို့သော် ယနေ့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း ၁၀ တန်းအောင်မြင်သော်လည်း ရာနှုန်းပြည့် မပျော်ရွှင်နိုင်သူတွေရှိလာပြီဖြစ်သည်။ အကြောင်းမှာ (၁) တက္ကသိုလ်များကို မြို့ပြင်များတွင် ဆောက်လုပ်ထား၍ သွားရေး၊ လာရေး အဆင်မပြေမှုများ အချိန် ကြန့်ကြာမှုများရှိခြင်း၊ (၂) ဆေးတက္ကသိုလ်မှစ၍ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များအဆုံး၊ ကျူရှင်ယူရသည့်ဒုက္ခ၊ ကျူရှင် Fees မြင့်မားလွန်းသည့်ဒုက္ခကို ရင်ဆိုင်ရခြင်း (၃) အချိန်တန်ဘွဲ့ရပြီးသောအခါ ဘ၀အာမခံချက်ရှိသည့် အလုပ်တခုခုကိုရရှိရန် မသေချာခြင်းတို့ကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လောကတွင် အခက်အခဲ၊ ပြဿနာမှန်သမျှကို ရင်ဆိုင်ကြုံတွေ့ရပါက မျက်နှာလွှဲကာ ရှောင်ကွင်း၍ မရပေ။ အကောင်းဆုံး အဖော်မွန်၊ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ကို အားကိုးကာ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းရပေမည်။ ''အခက်အခဲ၏နောက်တွင် အောင်မြင်မှုတည်း''ဟူသော 'ပန်းတိုင်'ရှိနေသည်ကို နားလည်ထားသင့်ပေသည်။ ထို့အပြင် လက်ရှိ အရပ်သားအစိုးရအနေဖြင့် မြန်မာ့ပညာရေးကို ယခင့်ယခင် အစိုးရများထက် အစွမ်းကုန် အားပေးထောက်ခံနေသည်ကို အလုပ်များက သက်သေတည် နေပေသည်။ ဇွန် ၁၇ ရက် ထွက်ရှိမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကား မြန်မာပြည် ပြည်သူလူထုအား စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်စေမှာကတော့ မုချဧကန် ဖြစ်ပေမည်။ ပညာရေးသရဖူ၊ လှမ်းဆွတ်ခူးလိုသူတွေ အတွက် တက္ကသိုလ် ၀င်တန်းစာမေးပွဲကြီး အောင်မြင်ရေးသည် အရေးကြီးသော မဟာတံတိုင်းတခုပင် မဟုတ်ပါလော။
ဆရာ ဂျက်ဖရီတင်အုန်း
(ရန်ကုန်စက်မှုတက္ကသိုလ်)

No comments: