ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် ထွန်းထွန်း၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စုန်းသရဲဝင်ပူးတဲ့ည။ ===================
သတိ ကြောက်တတ်သူများ (လုံးဝ) မဖတ်ပါနှင့်။
*****************************
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် ထွန်းထွန်း၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စုန်းသရဲဝင်ပူးတဲ့ည။
====================================
ဇွန်၊ ၉
ရန်ကုန်
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် ထွန်းထွန်း ရုပ်ရှင်ရိုက်ရန်အတွက် တောင်ကြီးမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုနေစဉ် ထိတ်လန့်ဖွယ်ရာ သရဲဝင်ပူးသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ အဖြစ်အပျက်အား ထွန်းထွန်းတည်းခိုခဲ့သည် ဟိုတယ် မန်နေဂျာဖြစ်သူ ကိုသောင်းအေးမှ ရန်ကုန်နယူးစ် သတင်းဌာနသို့ ယခုလိုပြန်လည်ပြောပြခဲ့ပါသည်။
"ကိုထွန်းထွန်းက ကျွန်တော်တို့ ဟိုတယ်မှာ တစ်ယောက်ထဲလာတည်းတာဗျ။ ကျွန်တော်တို့ဟိုတယ်က တောင်ကုန်းတစ်ခုပေါ်မှာ ဆောက်ထားတာဆိုတော့ အေးချမ်းပြီး တိတ်ဆိတ်တယ်လေ။ ကိုထွန်းထွန်း တောင်ကြီးရောက်ရင် ကျွန်တော်တို့ဟိုတယ်မှာ အမြဲလာတည်းပါတယ်။
မနေ့ ည (၁၀) နာရီလောက်မှာ ဧည့်သည်တစ်ယောက်က ဟိုတယ် Reception ကိုဖုန်းဆက်တယ်ဗျာ။ သူ့ဘေးအခန်းမှာ ဝူးဝူးဝါးဝါး အသံတွေကြားတယ်.. တစ်ချက်လာကြည့်ပေးပါဆိုလို့ သွားကြည့်တော့ ကိုထွန်းထွန်း အခန်းဖြစ်နေတယ်လေ။ တံခါးကလည်း လော့ခ် မချထားဘူး။
ဒါနဲ့ ကျွန်တော်တို့ သူ့အခန်းထဲဝင်ကြည့်တော့ ကိုထွန်းထွန်းက ကုတင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်နေပြီး ပါးစပ်ကလည်း တတွတ်တွတ်ပြောနေတယ်။ မျက်လုံးကလည်း နီရဲနေတာပဲ ။ ပထမတော့ သူအရက်မူးနေတာလား၊ ဆေးတွေဘာတွေကြောင်နေတာလားလို့ထင်မိသေးတယ်။ ဒါပေမဲ့ ကိုထွန်းထွန်းက အဲ့ဒါတွေ မလုပ်ဘူးဆိုတာ ကျွန်တော်သိတယ်လေ။ သူ့အကြောင်း ကျွန်တော်ကောင်းကောင်း သိတယ်ဗျ။ သူက ခင်ဖို့ကောင်းတဲ့ လူရိုး၊ လူကောင်းတစ်ယောက်ပါ။
အဲဒါနဲ့ ကျွန်တော်လည်း တစ်ခုခုတော့မှား နေတယ်ဆိုတာ သိလိုက်ပြီး ကျွန်တော်တို့နယ်မှာ အရမ်းနာမည်ကြီးတဲ့ ပရောဂဆရာကြီး တေဇိန္ဒ ဆရာ ဦးကျော်ထွန်းဆီကို ဖုန်းဆက် အကျိုးအကြောင်းပြောပြီး လှမ်းပင့်လိုက်တော့ဆရာ ဦးကျော်ထွန်းက ချက်ချင်းကြွလာတယ်။
ဟိုတယ်ရောက်တော့ ဆရာက ထွန်းထွန်းကို တစ်ချက်ကြည့်လိုက်ပြီး.....
" တောက်.. ငါ့နယ်မှာ ဒါမျိုးလာလုပ်ရဲတယ် ဟုတ်လား... ပညာလာစမ်းတာလား.. တွေ့ကြသေးတာပေါ့ကွာ..." လို့ပြောပြီး အခန်းရဲ့အလယ်မှာ စည်းသုံးတန်တားလိုက်တယ်။ ပြီးတော့ ထွန်းထွန်းကို ဝိုင်းချုပ်ပြီး အဲ့ဒီစည်းဝိုင်းထဲထည့်ထားလိုက်တယ်။ ကိုထွန်းထွန်းက စည်းထဲရောက်သွားတာနဲ့ ချက်ချင်း ဆရာကျော်ထွန်းကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး မကြားဝံ့မနာသာစကားတွေနဲ့ အော်ဆဲတော့တာပဲ။ ဆရာကျော်ထွန်းကလည်း .....
" မင်းဘာစောက်စကား ပြောလိုက်တာလဲ ညီလေး...."
ဆိုပြီး ထွန်းထွန်းက မျက်နှာကို လက်သီးနဲ့ ရှစ်ချက်လောက် ဆင့်ထိုးပစ်လိုက်တယ်ဗျ။ ကျွန်တော်တို့ကလည်း ..
" ဟာ..ဆရာ မလုပ်ပါနဲ့ စိတ်ထိန်းပါ.."လို့ပြောပြီးဆရာ့ကို ဝိုင်းဆွဲကြတာပေါ့..။ ဆရာ ကျော်ထွန်းက ကျွန်တော်တို့ကို...
" ထွန်းထွန်းကို သရဲတစ်ကောင်ဝင်ပူးနေပြီ.. ရိုးရိုးသရဲမဟုတ်ဘူး...စုန်းသရဲ ဖြစ်မယ်.. စိတ်မပူနဲ့ ဒီစုန်းသရဲကို ဆရာထုတ်ပေးမယ်..ဒီလိုကောင်မျိုးတွေဆိုတာ ခုလိုဆုံးမမှ ကြောက်တာ...စောင့်ကြည့်ကြစမ်း...." လို့ပြန်ပြောတော့မှ ကျွန်တော်တို့လည်းကိုထွန်းထွန်းကို သရဲဝင်ပူးတယ်ဆိုတာ သိရတာ။ ဆရာ ကျော်ထွန်းထိုးလိုက်တော့မှ ကိုထွန်းထွန်း နည်းနည်းငြိမ်သွားတယ်။ ဒါပေမဲ့ ပါးစပ်က တတွတ်တွတ်နဲ့ ပြောနေတုန်းပဲ။ ဆရာကျော်ထွန်းက ထွန်းထွန်းကို ...
" မင်း ဘယ်သူလဲ.. ဘာလို့ဒီလိုလုပ်ရတာလဲ.." ဆိုတော့ ဘာမှပြန်မပြောဘူးဗျ။ မျက်ထောင့်နီကြီးနဲ့ပဲပြန်ကြည့်နေတာ....
အဲ့တာနဲ့ ဆရာက...
"ထပ်အသားနာချင်သေးတယ်ဟုတ်လား ညီလေး"..
ဆိုပြီး ကိုထွန်းထွန်းကို ဂုတ်ကဆွဲပြီး နံရံနဲ့ ခေါင်းနဲ့ ခြောက်ချက်လောက် ဆင့်တိုက်ပစ်ချလိုက်တယ်ဗျ။ ပြီးတော့ လက်ထဲအသင့်ပါလာတဲ့ သံစိပ်ပုတီးနဲ့ ထွန်းထွန်းကို ဖြတ်ရိုက်လိုက်တယ်။
အဲ့ဒီတော့မှ ကိုထွန်းထွန်းပါးစပ်က..
" မလုပ်ပါနဲ့...ကြောက်ပါပြီဆရာရဲ့..တောင်းပန်ပါတယ်..ငီးငီးငီး........"ဆိုပြီး ဆရာ့ကို ကန်တော့ပြီးတောင်းပန်တယ်..။
ဒါနဲ့ ဆရာက ..
" အေး.. မင်းက ငါမေးတာကို ကောင်းကောင်းမှ မဖြေတာ.. ဒါ အကင်းပဲရှိသေးတယ်... ဒီနယ်မှာ တေဇိန္ဒ ပရောဂ ကျော်ထွန်းအကြောင်းသိတယ်မှတ်လား.. အာမချောင်နဲ့ ကြပ်ကြပ်သတိထား.. ကြားလား...ပြောစမ်း ဘာလို့ ဒီလိုလုပ်ရတာလဲ.. " လို့မေးတော့ ကိုထွန်းထွန်းက အသံသြကြီးနဲ့..
" ကျုပ်က ဒီဟိုတယ်နားရှေ့မှာရှိတဲ့ သစ်ပင်တစ်ပင်မှာနေတယ်.. ဒီလူ ကျုပ်သစ်ပင်အောက်လာလာပြီး ဘာတွေလာပြောနေမှန်းမသိဘူး.. တစ်ခါတစ်လေ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေပါတယ်.. အဆိုးဆုံးက ကျူပ်နေတဲ့အပင်ကိုခြေထောက်နဲ့ဆောင့်ကန်တယ်.. ဒါကြောင့် မကျေနပ်လို့ ခုလိုလုပ်တာ..." လို့ပြန်ဖြေတယ်ဗျာ... ။
အဲ့တော့မှ ကျွန်တော်လည်း တစ်ခုသတိရပြီး သူက အဆိုတော် သရုပ်ဆောင် တစ်ဦးဖြစ်ကြောင်း ၊ သူ့ရိုက်ကွင်းအတွက် အေးဆေးတိတ်ဆိတ်တဲ့ နေရာမှာ အိုက်တင်ကျင့်တာဖြစ်နိုင်ကြောင်း၊ သူ့သီချင်းတွေက စာသားတွေကိုအမြန်ရွတ်ရတဲ့ သီချင်းအမျိုးအစားဖြစ်ကြောင်း အချို့နေရာလေးတွေမှာ ကာရန်နဲ့အညီ စကားလုံးရင့်ရင့်များထည့်ဆိုကြောင်း ဆရာကျော်ထွန်းကိုရှင်းပြလိုက်တယ်ဗျာ။ ဒီတော့မှ ဆရာ ကျော်ထွန်းက ထွန်းထွန်းဖက်လှည့်ပြီး...
" အေး.. မင်းကို သူက အဲ့ဒီလိုပြောတာမဟုတ်ဘူး ... မင်းအပင်ကိုလည်း တမင်ကန်တာမဟုတ်ဘူး.. အမှားဖြစ်သွားရင် ငါတို့ကြားထဲက မင်းကို တောင်းပန်တယ်.... မင်းအတွက် ငါတစ်ခုခုကျေနပ်အောင် ငါ စီစဉ်ပေးမယ်.. ဒါပေမဲ့ မင်းအခုသူ့ကိုယ်ထဲကထွက်တော့.. မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့....." လို့ပြောလိုက်တော့ ...
ထွန်းထွန်းကို ဝင်ပူးထားတဲ့ စုန်းသရဲက အသံသြသြကြီးနဲ့...
" ဟုတ်ကဲ့.. ကျွန်တော် အခု သွားပါတော့မယ် " ဆိုပြီး ကိုထွန်းထွန်း ချက်ချင်း ဘိုင်းခနဲလဲကျသွားတယ်။
အဲ့ဒီတော့မှ ကျွန်တော်တို့ ကိုထွန်းထွန်းကို ကုတင်ပေါ်အသာတင်လိုက်ကြတယ်။ ဆရာ ကျော်ထွန်းက သူ့ပညာနဲ့စီရင်ထားတဲ့ တေဇိန္ဒ အဆောင်ကြိုးကို ထွန်းထွန်းလည်ပင်းမှာဆွဲပေးထားလိုက်တယ်ဗျ။ အခုတော့ ကိုထွန်းထွန်း အခြေအနေကောင်းနေပါပြီ။ မျက်နှာတစ်ခုလုံးတော့ မြင်မကောင်းအောင်ဖူးရောင်နေတာပဲ။
ဆရာ ဦးကျော်ထွန်းကို ကျေးဇူးတင်လွန်းလို့ ကန်တော့ချင်တယ်လို့လည်းပြောတယ်။ ကျွန်တော့်အတွက်တော့ တစ်သက်မှာတစ်ခါ ဒါမျိုး ပထမဆုံးကြုံဖူးတာပဲ.. ဆရာ ကျော်ထွန်းရဲ့လက်သံနဲ့ ပရောဂ ပညာကိုတော့ အရမ်းကြိုက်သွားပြီဗျာ......" ဟု ၎င်းအဖြစ်အပျက်အား ဟိုတယ် မန်နေဂျာ သောင်းအေး မှ Yangon News သတင်းဌာနသို့ အသေးစိတ် ပြန်လည်ပြောပြခဲ့ပါသည်။
ယခု အဖြစ်အပျက်အတွက် ရန်ကုန်နယူစ်း သတင်းဌာန အယ်ဒီတာချုပ် ဒေါက်တာရန်နောင်စိုးမှ ပရောဂဆရာကြီး တေဇိန္ဒ ဆရာ ဦးကျော်ထွန်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဆရာကြီးမှာ သာသနာပြုခရီးစဉ်တစ်ခုဖြင့် ဂျပန်နိုင်ငံသို့ ရုတ်တရက် ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။
#Yangonnews
#htunhtun34g
ရန်ကုန်နယူးစ်သတင်းအဖွဲ့
www.ygnnews.com.mm
သတင်းဓါတ်ပုံ

No comments: